အတွဲမရှိတဲ့ Single ဖြစ်နေလို့ စိတ်ဓာတ်မကျပါနဲ့
တခြားသူတွေထဲက လေထဲမှာ အချစ်ရနံ့လေးနဲ့ ပြည့်နှက်ရင်း ချစ်ကြောင်း၊ ကြိုက်ကြောင်းတွေ တွန်ကြူးနေကြချိန်မှာ ဆင်ဂယ်တစ်ယောက်ဖြစ်နေတဲ့ ကိုယ့်အတွက်တော့ စိတ်ဓာတ်ကျစရာ၊ စိတ်အားငယ်စရာ ကိစ္စတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။
ကိုယ့်ကိုယ်ကို Single တစ်ယောက်အနေနဲ့ ဂုဏ်ယူသူတွေ၊ အားမငယ်တတ်သူတွေအတွက်တော့ ပြဿနာမရှိပေမဲ့ ဒီလိုမျိုး အချစ်ခံချင်ပေမယ့် ဆန္ဒနဲ့ လက်တွေ့ တစ်ထပ်တည်းမကျလို့ စိတ်ဓာတ်ကျနေတတ်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ဖြစ်မှာပါ။
ဆင်ဂယ်ဖြစ်ရတာ မကောင်းဘူးလား။
လူဆိုတာ မွေးကတည်းက တစ်ယောက်တည်းမွေးလာတာမှာ တစ်ယောက်တည်းနေရလို့ ဘာမှထူးထူးဆန်းဆန်း ပြောင်းလဲသွားတာမှ မရှိတာ။ ဒါပေမယ့် တစ်ယောက်တည်းနေရတာ မကြိုက်လို့၊ ချစ်ရသူလေးနဲ့ ဘဝကို အတူကျော်ဖြတ်ဖို့ အိပ်မက်တွေအကြီးကြီး မက်ခဲ့သူတွေအတွက်တော့ ဆင်ဂယ်ဖြစ်ရခြင်းဟာ အကြီးမားဆုံးဝဋ်ဒုက္ခလို ဖြစ်နေတော့မှာပါ။ တကယ်တော့ ကိုယ့်စိတ်က ခံယူတတ်ရင် ဘဝမှာ ဘယ်လိုအခြေအနေမျိုးမှာ ရောက်နေပါစေ၊ မနေတတ်စရာ စိတ်အားငယ်စရာ မရှိပါဘူး။
တစ်ယောက်တည်းဖြစ်ရလို့ အထီးကျန်နေတာလား။
တစ်ယောက်တည်းဖြစ်လို့ အထီးကျန်တယ်ဆိုတာ ကိုယ့်စိတ်ထဲက ခံယူချက်သက်သက်ပါပဲ။ ကိုယ်က တခြားသူတစ်ယောက် ဘဝထဲရှိမှ အထီးမကျန်ဘူးလို့ ခံယူထားရင်တော့ ဆင်ဂယ်တစ်ယောက်အနေနဲ့ အမြဲစိတ်ညစ်အားငယ်နေရဦးမှာပါပဲ။ တစ်ယောက်တည်းနေရတယ်ဆိုပေမယ့် ကိုယ့်ဘေးနားက ကိုယ့်ကိုချစ်နေတဲ့၊ သံယောဇဉ်တွယ်နေတဲ့ မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေက အမြဲတမ်းရှိနေမှာဖြစ်တဲ့အတွက် သူတို့တွေရဲ့ မေတ္တာကိုသာ ခံယူပြီး ဘဝကိုအကောင်းဆုံးဖြစ်အောင် နေထိုင်နိုင်ရင် စိတ်ပျက်အားငယ်နေစရာ အကြောင်းမရှိပါဘူး။
ဆင်ဂယ်တစ်ယောက်ဖြစ်လို့ စိတ်အားငယ်စရာလား။
အတွဲတွေက သူတို့ချစ်သူနဲ့ ပျော်ရွှင်တယ်ဆိုတာကို ကိုယ်ကဘေးကနေ ကြည့်ရင်း စိတ်ပျက်အားငယ်နေစရာ မလိုပါဘူး။ ကိုယ်တိုင်က ပျော်ရွှင်ဖို့ ကိုယ့်ကိုယ်ကို အားမကိုးချင်ဘဲ တခြားသူဆီက ပျော်ရွှင်မှုတွေကို အသင့်လက်ကမ်းပေးတာပဲ လိုချင်နေရင်တော့ ဆင်ဂယ်အနေနဲ့တင်မဟုတ်ဘဲ ချစ်သူရလာတဲ့အခါမှာလည်း အချစ်ရေးမှာ ပြဿနာကြုံလာနိုင်ပါတယ်။ ဆင်ဂယ်တစ်ယောက်အနေနဲ့ စိတ်အားငယ်နေမယ့်အစား ကိုယ့်လက်ရှိကို အကောင်းဆုံးဖြစ်အောင် ဖန်တီးတတ်ဖို့ အရေးကြီးပါတယ်။
တခြားသူတွေနဲ့ ကိုယ့်ဘဝကို မနှိုင်းယှဉ်ပါနဲ့။
လူတိုင်းက ကိုယ့်ဘဝနဲ့ ကိုယ့်လက်ရှိအခြေအနေမှာ အကောင်းဆုံးဖြစ်အောင် နေထိုင်ရသလို ဒီလိုနေနိုင်အောင်လည်း ကြိုးစားရပါတယ်။ ကိုယ်က ချစ်ရသူမရှိသေးဘဲ ဆင်ဂယ်တစ်ယောက် ဖြစ်နေတယ်ဆိုကြပါစို့။ တစ်ချိန်ချိန်မှာ ကိုယ့်ကို ချစ်ရတဲ့သူပေါ်လာခဲ့ရင် သူ့အနေနဲ့ ဂုဏ်ယူရလေအောင်၊ သူ့အတွက် အကောင်းဆုံးတွေပဲ ပေးနိုင်အောင်လို့ အခုအချိန်မှာ စပြီးကြိုးစားပါ။ မမေ့ထားဖို့က အနာဂတ်လှပဖို့ဆိုတာ လက်ရှိမှာ ကြိုးစားမှဖြစ်မှာပါ။ လူတိုင်းဟာ အချစ်စစ်နဲ့ ထိုက်တန်တဲ့အတွက် တခြားသူတွေ အချစ်ခံရပြီး ပျော်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပိုချစ်ရင်း ပိုကြိုးစားပေးပါ။
ဒီတော့ တစ်ယောက်တည်း အဖော်မရသေးတဲ့ ဆင်ဂယ်လေးတွေအတွက် အကြံပေးရမယ်ဆိုရင်
၁။ ကိုယ့်ရဲ့လက်ရှိမှာ ချစ်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အားငယ်ဖို့၊ စိတ်ဓာတ်ကျဖို့ မလိုအပ်ပါဘူး။
၂။ ပစ္စုပ္ပန်ကို အကောင်းဆုံးကြိုးစားရင်း ရှင်သန်ပါ၊ ရပ်တည်ပါ။
၃။ တခြားသူတွေကို အားကျဖို့မလိုအပ်ပါဘူး။ ကိုယ့်ရဲ့ဘဝကို ဆင်ဂယ်တစ်ယောက်အနေနဲ့ အကောင်းဆုံးရှင်သန်ခြင်းက ပူလောင်နေရတဲ့ အတွဲတွေထက်စာရင် အများကြီးပိုသာပါတယ်။
၄။ ကိုယ့်အတွက်ကို အချိန်ပိုပေးပြီး ဝါသနာပါတာလေးတွေ လုပ်ပေးပါ။ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးတတ်အောင် ကြိုးစားပါ။
၅။ တခြားသူတစ်ယောက်ကို စွဲလမ်းတပ်မက်စိတ်နဲ့ လိုချင်နေမယ့်အစား တစ်ယောက်တည်း နေတတ်အောင် ကြိုးစားပါ။
၆။ ကိုယ့်ကိုချစ်နေတဲ့သူတိုင်းကို ကျေးဇူးတင်ပါ၊ ကိုယ့်ရဲ့လက်ရှိမှာ ပိုင်ဆိုင်နေရတဲ့အရာတွေကို တန်ဖိုးထားပါ။
လူတိုင်း ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ဘယ်တော့မှ ရောက်လာမယ်မှန်းမသိသူတစ်ယောက်ကို မျှော်ကိုးပြီး ဒီအတိုင်းစောင့်နေမယ့်အစား၊ ဆင်ဂယ်ဖြစ်နေတဲ့ ကိုယ့်ဘဝကို စိတ်ပျက်အားငယ်နေမယ့်အစား အကောင်းဆုံးရှင်သန်ရပ်တည်ပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို ကြံ့ခိုင်နေအောင် ပြင်ဆင်ပြောင်းလဲဖို့ အကြံပေးချင်ပါတယ်။
ရဲမျိုးမြတ်